ထိုင်ဝမ်နှင့်မြန်မာ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်နှင့် မြန်မာပြည်သူများ ထိုင်ဝမ်ကို ပိုမိုနားလည်စေရန်အတွက် ရည်ရွယ်၍ ထိုင်ဝမ်-မြန်မာနှင့်ပတ်သက်သော ဗွီဒီယိုအပိုင်းအစလေးကို ထိုင်ဝမ်ကိုယ်စားလှယ်ရုံးမှ ပြုလုပ်ပြီး မျှဝေပေးနေပါသည်။
ထိုင်ဝမ်နှင့်မြန်မာအကြားတွင် အမှတ်ရစရာ သမိုင်းဝင် ပတ်သက်မှု ရှိခဲ့ဖူးပါသည်။ ၁၉၄၁ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် ရဲဘော်သုံးကျိပ်နှင့်အတူ ထိုင်ဝမ်ရှိ ယူလီမြို့တွင် စစ်လေ့ကျင့်ရေးသင်တန်းကို လေ့လာသင်ယူခဲ့ဖူးပါသည်။ ၎င်းယူလီမြို့သည် မြန်မာနိုင်ငံရှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံး လက်ရှိသံအမတ်Mr.Li ၏ ဇာတိမွေးရပ်မြေလည်းဖြစ်ပါသည်။
ထိုင်ဝမ်ပြည်သူနှင့်မြန်မာပြည်သူပြည်သားများသည် ရိုးသားဖော်ရွေကြပြီး ဘာသာတရားလည်း လွန်စွာကိုင်းရှိုင်းသော အချက်များမှာ တူညီကြပါသည်။ မြန်မာနိုင်ငံငယ်ဟု တင်စားခေါ်ဝေါ်ခံရသော တိုင်ပေမြို့၏ ဟွာရှင်းလမ်းအနီးတဝိုက်တွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ လေးသောင်းကျော်ရှိပြီး မြန်မာဆိုင်းဘုတ်များကို နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်ပါသည်။
ယခုနှစ် ကမ္ဘာတစ်ဝန်းလုံးတွင် ရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ၏ ကြောက်မက်ဖွယ် ကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်နိုင်သည့် ထိုင်ဝမ်သည် ကမ္ဘာ့နိုင်ငံများ၏ အာရုံစူးစိုက်မှုကို ခံခဲ့ရပါသည်။ ၎င်းကိုရိုနာဗိုင်းရပ်စ်ရောဂါကို မြန်မာနိုင်ငံနှင့်အတူ ကာကွယ်တားဆီးရန် ထိုင်ဝမ်သည် မြန်မာ့ရှေ့တန်းဝင် ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများကို လှူဒါန်းခဲ့သည့်အပြင် အင်တာနက်မှတစ်ဆင့် ဗွီဒီယိုအစည်းအဝေးများကို ကျင်းပပြီး အဆိုပါ ရောဂါကာကွယ်တားဆီးရေး အတွေ့အကြုံများကို အကြိမ်ကြိမ် မျှဝေပေးခဲ့ပါသည်။ ထိုင်ဝမ်-မြန်မာ၏ ချစ်ကြည်ရင်းနှီးမှု အတိုင်းအတာကို ပေါ်လွင်စေပြီး ကိုဗစ်-၁၉ ရောဂါကို အတူတကွ အောင်မြင်စွာ ကာကွယ်တားဆီးနိုင်ရန် ဆုံးဖြတ်ကြပါသည်။
ထိုင်ဝမ်နှင့်မြန်မာနိုင်ငံအကြား ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ အစရှိ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တက်လာပြီး ကမ္ဘာ့စီးပွားရေးလုပ်ငန်းကွင်းဆက်များ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ထိုင်ဝမ်လုပ်ငန်းရှင်အများစုသည် အရှေ့တောင်အာရှနိုင်ငံများတွင် ဈေးကွက် ရှာဖွေ ချဲ့ထွင်ခဲ့ကြပါသည်။ မြန်မာအစိုးရအနေဖြင့် ထိုင်ဝမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဆွဲဆောင်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးစေနိုင်သည့်အပြင် မြန်မာ့စီးပွားရေးကိုလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။
အဆိုပါဗွီဒီယိုကို အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်-
https://www.facebook.com/1168468213184962/videos/2675968052623786/